ရွှေ့ပြောင်းသွားလာသည့်အခါ ဘေးကင်းစေပါ
ပိုမိုစိတ်ချလုံခြုံသောနေရာသို့ပြောင်းရွှေ့နေထိုင်ရန်သော်လည်းကောင်း၊ပိုမိုကောင်းမွန်သောအလုပ်အကိုင်အခွင့်အလမ်းအတွက်သော်လည်းကောင်း၊ နိုင်ငံရပ်ခြားမှမိသားစုနှင့်ပြန်လည်ပေါင်းစည်းနေထိုန်ရန်အတွက်သော်လည်းကောင်း အကြောင်းရင်းအမျိုးမျိုးကြောင့်ကမ္ဘာတစ်ဝန်းရှိလူသန်းပေါင်းများစွာသည်ရွှေ့ပြောင်းသွားလာနေထိုင်လျှက်ရှိသည်။ ဤသို့ရွှေ့ပြောင်းမှုသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်လျှက်ရှိပြီး ဒေသပေါ်မူတည်၍ အကြောင်းရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။ UNHCR ၏ midyear trends 2023 report အရ ၂၀၂၃ ခုနှစ်လယ်အထိ ကမ္ဘာတစ်ဝှမ်းတွင် အတင်းအဓမ္မ ရွှေ့ပြောင်းနေထိုင်ရသူ ခန့်မှန်းခြေ လူဦးရေ သန်း ၁၁၀ ရှိသည်။ ထိုလူဦးအရေအတွက်တွင် ဒုက္ခသည်များ၊ နိုင်ငံရပ်ခြားတွင်ခိုလှုံခွင့်တောင်းခံသူများနှင့် ပြည်တွင်းထဲ၌ နေရပ်စွန့်ခွာ၍ပြောင်း ရွှေ့နေထိုင်နေရသူများ ပါဝင်သည်။[1]
ရွှေ့ပြောင်းသွားလာရာတွင် များစွာသောရွှေ့ပြောင်း နေထိုင်သူများသည် ခရီးသွားလမ်းတစ်လျှောက်နှင့် အိမ်ရှင် နိုင်ငံများတွင် လုပ်အားနှင့်လိင်ပိုင်းဆိုင်ရာခေါင်းပုံ ဖြတ်အမြတ်ထုတ်မှုများကဲ့သို့သော အန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်။
ရွှေ့ပြောင်းသွားလာခြင်းဆိုသည်မှာ အဘယ်နည်း။
ရွှေ့ပြောင်းနေထိုင်ခြင်းဆိုသည်မှာ တစ်နေရာမှတစ်နေရာသို့ နယ်စပ်ဖြတ်ကျော်၍ဖြစ်စေ မိမိတို့နိုင်ငံအတွင်း၌ ဖြစ်စေ အလုပ်အတွက်၊ ပညာရေးအတွက်၊ ဘေးအန္တရာယ်မှ လွတ်မြောက်ရန်နှင့် မိသားစုပြန်လည်ပေါင်းစည်း ရေးစသည့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်ရသည့်အခါမျိုးဖြစ်သည်။
ဘေးကင်းလုံခြုံမှုမရှိသော ရွှေ့ပြောင်းသွားလာခြင်းဟူသည်မှာ အဘယ်နည်း။
- ဘေးကင်းလုံခြုံမှုမရှိသော ရွှေ့ပြောင်းသွားလာခြင်းဆိုသည်မှာ သတ်မှတ်ထားသော စည်းကမ်းများကို မလိုက်နာဘဲ နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံ သို့မဟုတ် ဒေသတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့သွားလာနေထိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုရာတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ချမှတ်ထားသည့် သင့်လျော်သောခွင့်ပြုချက် သို့မဟုတ် လိုအပ်သောစာရွက်စာတမ်းများမပါဘဲ တစ်ဖက်နိုင်ငံအတွင်း ဝင်ရောက်ခြင်း၊ နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းတို့ ပါဝင်သည်။
- ဥပမာအားဖြင့် တရားဝင်ပတ်စပို့ သို့မဟုတ် ခရီးသွားစာရွက်စာတမ်းမပါဘဲ အခြားနိုင်ငံသို့ ဝင်ရောက်ခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ အခြားနိုင်ငံတွင် နေထိုင်နေခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းတို့ကိုဆိုလိုခြင်း ဖြစ် သည်။
- တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု သို့မဟုတ် အခြားသောခေါင်းပုံဖြတ်မှုများနှင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်ရှိပြီး လူကျွန်ပြုစနစ်ကဲ့သို့သော နှိပ်စက်ညှဉ်းပန်းမှုဒဏ်ကို ခံစားရနိုင်သည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော ဝန်ဆောင်မှုများကို လက်လှမ်းမမီခြင်းကြောင့် ၎င်းတို့သည် ပုံမှန်ရွှေ့ပြောင်းနေထိုင်သူများထက် အန္တရာယ်ပိုများလျှက်ရှိပြီး တရားမ၀င်ဝင်ရောက်မှုအတွက်လည်း ထောင်ဒဏ်ကျခံရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရခြင်းနှင့်လည်း ရင်ဆိုင်ရနိုင်သည်။
သင်သည် အခြားနေရာ သို့မဟုတ် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့နေထိုင်ရန် စဉ်းစားနေပါသလား။
သင်၏ရွှေ့ပြောင်းသွားလာမှုဘေးကင်းရန် သင်မည်သို့လုပ်ဆောင်နိုင်မည်နည်း။
ဘေးကင်းလုံခြုံစွာ ပြောင်းရွှေ့သွားလာခြင်းနှင့်ပတ်သက်သည့်၊ အထူးသဖြင့် နိုင်ငံရပ်ခြားသို့ရွှေ့ပြောင်းနေထိုင်ခြင်းနှင့်ပတ်သက်သည့် အကြံပြုချက်တချို့ကို အောက်တွင် ဖော်ပြထားပါသည်။
၁။ သင်သွားလိုသည့်နေရာနှင့်ပတ်သက်သော သတင်းအချက်အလက်များအား တတ်နိုင်သမျှ စုဆောင်းပါ။
ပြောင်းရွှေ့မှုပြုရန် ဆုံးဖြတ်ချက်မချမီတွင်
- လူများစွာနှင့်၊ အထူးသဖြင့် သင့်မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် စကားပြောဆို တိုင်ပင်ပါ။
- သင်သွားရောက် နေထိုင်မည့် နေရာဒေသနှင့်သက်ဆိုင်သည့် အချက်အလက်များအား မေးမြန်းစု ဆောင်းပါ။ ထိုဒေသရှိ နေထိုင်မှု သို့မဟုတ် လုပ်ငန်းဆိုင်ရာ အခြေအနေများ၊ အလားအလာရှိသော အလုပ်အကိုင်၊ ကုန်ကျစရိတ်များ၊ လိုအပ်သောစာရွက်စာတမ်းများ နှင့် တွေ့ကြုံနိုင်ရမည့်စိန်ခေါ်မှု များ စသည့် အကြောင်း အရင်းများကို နားလည်ရန်ပြုလုပ်ပါ။
- သွားရောက်မည့်နိုင်ငံ၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် လူနေမှုပုံစံများအကြောင်း ဦးစားပေး လေ့လာပါ။
- ရွှေ့ပြောင်းသွားလာခြင်းနှင့်ပတ်သက်သည့်မသိသေးသောအရာများအတွက် အချက်အလက်များကို ရွှေ့ပြောင်းနေထိုင်ရာမှ ပြန်လာသူများ၊ အစိုးရအေဂျင်စီများ၊ ဒေသခံ အာဏာပိုင်များ နှင့် ရပ်ရွာအဖွဲ့ အစည်းများထံမှ ရယူပါ။
၂။ နိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာပါ။
- ကိုယ်နေထိုင်ခဲ့သည့်နေရာအဟောင်းနှင့် သွားရောက်နေထိုင်မည့်နေရာအသစ်ရှိ ဥပဒေပြဒါန်းချက်များ နှင့် စည်းမျဥ်းများကိုလိုက်နာပါ။ နိုင်ငံရပ်ခြားသို့သွားရောက်နေထိုင်ရာတွင် လိုအပ်သော မှတ်ပုံတင် သို့မဟုတ် တရားဝင်နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့်ဗီဇာ စသည့် ခရီးသွားစာရွက်စာတမ်းများကို ကိုယ်နှင့်တပါတည်းယူဆောင်သွားပါ။
တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ပြောင်းရွှေ့နေထိုင်ခြင်းသည် သင့်အတွက် ပြည်တွင်းအာဏာပိုင်များနှင့် ပြည်ပနိုင်ငံရှိအာဏာပိုင်များထံမှအကာအကွယ်များရရှိရန်အခွင့်အရေးအလားအလာပိုများပါသည်။တရားဝင်မဟုတ်သောလမ်းကြောင်းများမှတဆင့်ရွှေ့ပြောင်းနေထိုင်သူများသည် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရ နိုင်ခြေ သိသိသာသာပိုမိုမြင့်မားလျှက်ရှိသည်။
၃။ ခရီးသွားရန် အရေးကြီးသောစာရွက်စာတမ်းများကို လက်ဝယ်ထားရှိရန်နှင့် ထိုစာရွက်စာတမ်းမိတ္တူများကို ချန်ထားရန်။
- နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့်ဗီဇာ၊ အလုပ်လုပ်ခွင့်ပါမစ်၊ အလုပ်စာချုပ်များ၊ မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံကဒ်ပြားများနှင့် အခြားသောခရီးသွားစာရွက်စာတမ်းများကို မိတ္တူကူးထားပါ။
- မိတ္တူကူးထားသည်များကို မိစားစုဝင်များ၊ မိတ်ဆွေသူငယ်များနှင့် ချန်ထားခဲ့ပါ။
- သင်သွားမည့်နေရာသို့ရောက်သောအခါတွင် စာရွက်စာတမ်းများမူရင်းကို လုံခြုံသောနေရာတွင် သိမ်းထား၍ စာရွက်စာတမ်းများ၏မိတ္တူများကိုသာ သင်နှင့်ကိုယ်မကွာ အချိန်တိုင်း သယ်ဆောင် သွားပါ။
၄။ သင့်အတွက် အခြားအရေးကြီးသည့်စာရွက်စာတမ်းများကို ယူဆောင်သွားရန် သတိရပါ။
- မိမိအတွက်ရေးပါသောစာရွက်စာတမ်းဖြစ်သောကြောင့်သော်လည်းကောင်း အိမ်ရှင်နိုင်ငံ၏သတ် မှတ်ချက်အရ မရှိမဖြစ်ယူသွားရန်လိုအပ်သောကြောင့်သော်လည်းကောင်း အရေးကြီးသော စာရွက် စာတမ်းများဖြစ်သည့် ကျောင်းအောင်လက်မှတ်များ၊ ဆေးမှတ်တမ်းများ၊ လိုအပ်မည်ဆိုလျှင် COVID-19 ကာကွယ် ဆေးထိုးလက်မှတ်အပါအဝင် အခြားသောကာကွယ်ဆေးလက်မှတ်များကို ကိုယ်နှင့်တပါးတည်း ယူဆောင်လာပါ။
၅။ အကယ်၍ သင်သည် အလုပ်အကိုင်အတွက်ရွှေ့ ပြောင်းမည်ဆိုလျှင်
- အလုပ်အကိုင်အတုများ၊ လျှောက်လွှာတုများ သို့မဟုတ် အဆက်အသွယ်အတုများကို အသုံးပြုသော အွန်လိုင်း လိမ်လည်လှည့်ဖြားသူများကို သတိထားပါ။ အသိ၊ သတိ ရှိပါ။
• တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် လူစုဆောင်းရေးအေဂျင်စီကို ရှောင်ကြဥ်ပါ
အလုပ်လုပ်ရန် စီစဉ်နေပါက လူစုဆောင်းရေးအေဂျင်စီသည် လိုင်စင်ရအေဂျင်စီဖြစ်သည်မဖြစ် သည်နှင့် ၄င်းတွင် နာမည်ရမှတ်တမ်းတစ်ခု ပိုင်ဆိုင်ထားခြင်းရှိမရှိကို သေချာစုံးစမ်းပါ။ လိုအပ်ချက် တောင်းဆိုမှုအနည်းငယ်သာရှိပြီး စာရွက်စာတမ်းများရယူရာတွင် အကူအညီများပေးမည်ဟုဆို၍ ကမ်းလှမ်းလာသော အလုပ်ကမ်းလှမ်းချက်များကို သတိပြုပါ။ သင့်အား လှည့်စားရန်ကြိုးစားနေကြ သည့် လိမ်လည်လှည့်ဖြားသူများ၏ သားကောင်မဖြစ်ပါစေနှင့်။
၆။ လူမှုရေးရာကွန်ယက်များရှိစေပါ။
- သင့်မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အဆက်အသွယ်ပြုလုပ်၍ သင်၏အခြေအနေများကို ပြောပြပါ။
- အကူအညီလိုအပ်ချိန်တွင် သင့်အားကူညီနိုင်မည့်သူများကို ခွဲခြားမှတ်ထားပါ။
၇။ အန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရလျှင် မည်သူမှသင့်အား ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်းကို သေချာစွာသိထား စေပါ။
- မိမိနေရပ်မှသင်ထွက်ခွာမသွားမီ ဖုန်းနံပါတ်နှင့် လိပ်စာ ကဲ့သို့သော အရေးကြီးသည့်သူများ၏ ဆက်သွယ်ရေးအချက်အလက်များကို စာရင်းပြုစုပါ။ ဤစာရင်းထဲတွင် သင်ရောက်ရှိနေသည့်နေရာတွင် ရှိနေသည့် သင့်နိုင်ငံသံရုံး၊ အန်ဂျီအိုများ၊ ရွှေ့ပြောင်းအလုပ်သမား အသင်းအဖွဲ့များ၊ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ စသည့် သင့်အားအကူအညီပေးနိုင်မည့်သူများ၏ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များကို ရေးသားသိမ်းစည်းထားပါ။
- ထိုဆက်သွယ်ရေးအချက်အလက်များ၏ မိတ္တူတစ်စောင်ကို သင့်မိသားစုနှင့်အတူ ထားခဲ့ကာ အခြားတစ်စောင်ကို သင်နှင့်အတူ ယူဆောင်သွားပါ။
- ဤဆက်သွယ်ရေးအချက်အလက်များကို သင်နှင့်အတူ အမြဲထားပါ။
- သင့်သံရုံး သို့မဟုတ် ဝန်ဆောင်မှုပေးနိုင်သူ၏ ဆက်သွယ်ရန်အချက်အလက်များဖြစ်သည့် ရဲဌာန၏ အချိန်မရွေးခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ် သို့မဟုတ် အေဂျင်စီတစ်ခုခု၏ အချိန်မရွေးခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ် သို့မဟုတ် အကူအညီတောင်းခံနိုင်သည့်ဖုန်းနံပါတ် စသည်ကဲ့သို့သော အချက် အလက်များကို အလွတ်ကျက်မှတ်ပါ သို့မဟုတ် ရေးမှတ်ထားပါ။[2]
နိုင်ငံရပ်ခြားတွင်နေထိုင်ခြင်းသည် ပိုမိုကောင်းမွန်သောနေထိုင်မှုကိုရရှိမည်သာမက ပိုမိုကောင်းမွန်သော လစာ နှင့် အလုပ်ရှာရန် အခွင့်အလမ်းကောင်းများကိုလည်း ရရှိနိုင်မည်ကို သတိရပါ။ တရားဝင်မဟုတ်သော သို့မဟုတ် ဘေးကင်းလုံခြုံမှုမရှိသော ရွှေ့ပြောင်းသွားလာခြင်းဖြင့် လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် အခြားခေါင်း ပုံဖြတ်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့၏ သားကောင်များဖြစ်လာနိုင်ခြေပိုများကြောင်းကို အထူးသတိပြုပါ။
[1] UNHCRR Mid-Year Trends
[2] ILO Migration tips
https://www.ilo.org/wcmsp5/groups/public/@asia/@robangkok/documents/publication/wcms_191764.pdf