ထိုင်းလိုနှုတ်ဆက်သည့်ပုံစံ“ဝှိုက်” ဆိုတာဘာလဲ?
“ဝှိုက်” သည် ကြိုဆိုခြင်း၊ အလေးပြုခြင်း သို့မဟုတ် ဂါရဝပြုခြင်းသဘောကို ဖော်ပြသည့် ထိုင်းလိုနှုတ်ဆက်သည့်ပုံစံ ဖြစ်သည်။ ရင်ဘတ်ရှေ့ တွင်လက်နှစ်ဖက်ကို လက်အုပ်ချီ၍ ဦးခေါင်းကို ရှေ့သို့အနည်းငယ်ငုံ့ကာ နှုတ်ဆက်သည့်ပုံစံဖြစ်သည်။ ထိုင်းလူမျိုးများသည် ကျေးဇူးတင်ခြင်း၊ တောင်းပန်ခြင်းနှင့် ချီးမွမ်းခြင်း စသည့်အခြေအနေမျိုးတွင်လည်း “ဝှိုက်” ကို လုပ်ဆောင်ကြသည်။
“ဝှိုက်” ကို ဘယ်လိုလုပ်ဆောင်ရသလဲ?
“ဝှိုက်“ပုံစံလုပ်ဆောင်ရာတွင် အဆင့်သုံးဆင့် ရှိသည်။
အဆင့် (၁) - ပထမဦးစွာ သင့်လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကပ်လျှက်လက်အုပ်ချီသည့်ပုံစံပြုလုပ်ထားပါ။
အဆင့် (၂) - သင့်မျက်နှာကို လက်အုပ်ချီထားသည့်လက်ချောင်းများနှင့် ထိတွေ့သည်အထိ ခေါင်းငုံ့လိုက်ပါ။
အဆင့် (၃) - နောက်ဆုံးအဆင့်အနေဖြင့် သင့်ခေါင်းကို (နဂို)မူလအနေအထားအတိုင်း ပြန်မော့လိုက်ပြီး လက်တွေကိုလည်း (နဂို) မူလ အနေ အထားအတိုင်းပြန်ထားလိုက်ပါ။
“ဝှိုက်” ကိုအသုံးပြုလုပ်ဆောင်ပုံအမျိုးမျိုး
ထိုင်းလူမျိုးများသည် “ဝှိုက်”ကို အခြေအနေပေါ်မူတည်၍ ပုံစံအမျိုးမျိုးဖြင့် အသုံးပြုလုပ်ဆောင်ကြ သည်။ အဆင့်အတန်းနှင့်အခြေအနေလိုက် အများစုအသုံးပြုလေ့ပြုထရှိသည့် “ဝှိုက်” ပုံစံ (၃)မျိုး ရှိသည်။ ထို”ဝှိုက်”ပုံစံ (၃)မျိုးသည် မိမိနှုတ်ဆက်ရမည့်သူ၏ အသက်အရွယ်၊ အဆင့်အတန်းပေါ်မူတည် ၍ လုပ်ဆောင်သည့်ပုံစံများ ကွဲပြားမှုရှိသည်။
သက်တူရွယ်တူ နှင့်ငယ်ရွယ်သူများကို နှုတ်ဆက်ခြင်း
သင်နှင့်သက်တူရွယ်တူနှင့် သင့်ထက်ငယ်ရွယ်သူများကို နှုတ်ဆက်ရာ တွင် သင်၏ရင်ဘတ်ရှေ့တွင် လက်အုပ်ချီထားခြင်းဖြင့် “ဝှိုက်” ပုံစံကို စတင်ပါ။ ထို့နောက် သင်၏နှာခေါင်းထိပ်က လက်အုပ်ချီထားသော လက်ညိုးထိပ်များထိသည်အထိ ဦးခေါင်းကိုငုံ့လိုက်ပါ။ ဤပုံစံကို သင်၏သက်တူရွယ်တူနှင့် သင့်ထက်ငယ်ရွယ်သူများဖြစ်သော သင်ရင်းနှီးသော
သူငယ်ချင်းများ၊ မိသားစုဝင်များ၊ အသိအကျွမ်းများ (သို့မဟုတ်) သူစိမ်းများကို နှုတ်ဆက်သည့်အခါတွင် လုပ်ဆောင်သည်။
ဤပုံစံနှုတ်ဆက်ခြင်းကို စားသောက်ဆိုင်၊ ဟိုတယ်၊ စျေးဝယ်စင်တာ (သို့မဟုတ်) အခြားဝန်ဆောင် မှုစင်တာများတွင် ကြိုဆိုနှုတ်ဆက်ခြင်းနှင့် ကျေးဇူးတင်ကြောင်း ဖေါ်ပြခြင်းများတွင် အသုံးပြုလေ့ပြုထရှိသည်ကို တွေ့ရှိနိုင်သည်။ ဤပုံစံဖြင့် “ဝှိုက်” လုပ်ခြင်းခံရလျှင် သင့်အနေဖြင့် ခေါင်းငြိမ့်၍ လက်ခံအသိအမှတ်ပြုခြင်း (သို့မဟုတ်) ပြန် “ဝှိုက်”ခြင်းဖြင့် တုန့်ပြန်သင့်သည်။
လူကြီးသူမများ(သို့) မိမိထက်ရာထူးကြီးမြင့်သူများအား နှုတ်ဆက်ခြင်း
ဤပုံစံ”ဝှိုက်”တွင် သင့်ရင်ဘတ်ရှေ့တွင် လက်အုပ်ချီထားပြီး သင်၏ နဖူးက လက်အုပ်ချီထားသော လက်ချောင်းများကိုထိသည်အထိ ခေါင်းငုံ့ထားရမည်။ ဤပုံစံ”ဝှိုက်”ကို လူကြီးသူမများ (သို့မဟုတ်) မိမိထက်ရာထူးကြီးမြင့်သူများအား နှုတ်ဆက်ရာတွင် အသုံးပြုသည်။ ၄င်းတို့သည် သင်၏အလုပ်ရှင်များ၊ ဆရာ/မများ၊ သင်ရိုသေလေးစားထိုက်သူများနှင့် သင့်ထက်အသက်ကြီးသော သူငယ်ချင်းများ/ ကျောင်းနေ ဖက်များ/မိသားစုဝင်များ/လုပ်ဖော်ကိုင်ဖက်များ/အသိမိတ်ဆွေများ၊ ဖြစ်နိုင်သည်။
ဗုဒ္ဓရုပ်ပွားတော်များနှင့်ရဟန်းသံဃာများကို အရိုအသေပေးခြင်း
ဗုဒ္ဓရုပ်ပွားတော်များနှင့်ရဟန်းသံဃာများကိုအရိုအသေပေးရန်အတွက် ”ဝှိုက်”လုပ်ဆောင်ရာတွင် သင်၏ရင်ဘတ်ရှေ့တွင် လက်အုပ်ချီထားခြင်းဖြင့် စတင်ရမည်။ ထို့နောက် သင့်၏နဖူးက လက်အုပ်ချီထားသော လက်မများနှင့်ထိသည့်အထိ ဦးခေါင်းကိုငုံ့၍ ခါးကိုလည်းကိုင်းညွှတ်ထားသင့်သည်။ ထိုင်းလူမျိုးများသည် ဗုဒ္ဓရုပ်ပွားတော်များနှင့် ရဟန်းသံဃာများကို ဤပုံစံ”ဝှိုက်”ဖြင့် အရိုအသေပေး ကြသည်။
ထိုင်းယဉ်ကျေးမှုတွင် “ဝှိုက်”ကို ငယ်ရွယ်သူများက စတင်နှုတ်ဆက်ရလေ့ရှိသည်။ လူကြီးသူမများက “ဝှိုက်”ပုံစံစတင်နှုတ်ဆက်လေ့မရှိကြပါ။ ထို့သို့ ငယ်ရွယ်သူများက စတင်နှုတ်ဆက်လာသည့်အခါ လူကြီးသူမများက “ဝှိုက်” ဖြင့်ပြန်လည်နှုတ်ဆက်ကြသည်။
ကိုးကားချက်
https://www.theluxurysignature.com/2018/03/18/understanding-wai-thai-greeting/
https://culturalatlas.sbs.com.au/thai-culture/thai-culture-greetings
https://www.thekohsamuiguide.com/post/thailand-greeting-how-to-wai
https://www.thailandfoundation.or.th/culture_heritage/wai-the-thai-greeting/